လူ့သက်တမ်းကို တိုစေသော ရောဂါကြီးများတွင် သွေးတိုး ရောဂါနှင့် ဆီးချိုရောဂါသည် ထိပ်ဆုံးမှပါဝင်သည်။
ထိုရောဂါကြီးများသည် နာတာရှည်ရောဂါများဖြစ်သဖြင့် ကုသ၍ရသော်လည်း အချိန်ကုန်ငွေကုန် လူပန်းဖြစ် စေသည်။
ထိုရောဂါကြီးနှစ်မျိုးကို မဖြစ်မီက ကြိုတင်ရှောင်ရှားနိုင်ရန် လေ့လာကြည့်သောအခါ အစားသောက်မှ စသည်ကို တွေ့ရပေသည်။
သွေးတိုးနှင့် ဆီးချိုနောက်ဆက်တွဲ နှလုံးရောဂါဖြစ်သူ အတော်များများကိုကြည့်လျှင် ဝဝဖြိုးဖြိုး၊ စိုစိုပြည်ပြည်ရှိ နေကြသည်ကို တွေ့ရသည်။
ထိုသူများသည် အဆီအအိမ့်အရသာများကို စားသုံးမှုလွန်ကဲသူများ ဖြစ်ပြီး အဲယားကွန်း၊ ရေခဲသေတ္တာ၊ ပန်ကာစသည် များနှင့် ဇိမ်ခံသူများ တွင် အဖြစ်များသည်ကို တွေ့ရပေ သည်။
တိုင်းရင်းဆေးပညာအမြင်အားဖြင့် အအေးရုပ်(သီတရုပ်)ရှိသူ၊ အအေးစာ(သီတစာ)ကြိုက်သူများ ဖြစ်သည်ကို တွေ့ရ ပေသည်။
ကမ္ဘာပေါ်ရှိ ကွဲပြားသောလူမျိုး များ၏ အစားအသောက်များကို လေ့လာကြည့်သောအခါ ‘အချို အအေး’ ကြိုက်သူများနှင့် ‘အစပ်အပူ’ကြိုက်သူများဟူ၍ နှစ်မျိုး နှစ်စားတွေ့ရသည်။
အထူးသဖြင့် အနောက်တိုင်း ဥရောပအစားအစာ များသည် အသားစားရာတွင် အချို အအေးအရသာဖြစ်အောင် ပြုပြင် စားကြသည်ကိုတွေ့ရပြီး အရှေ့ တိုင်း အိန္ဒိယနွယ်ဖွားများမှာ အသားစားသောအခါ၊ အသီးအနှံ စားသောအခါ ငရုတ်သီး၊ ငရုတ်ကောင်း၊ ချင်းစသည်တို့သုံးပြီး အစပ်အပူအရသာဖြစ်အောင် ဖန်တီးပြီး စားသောက်ကြသည်ကို တွေ့ရသည်။
အရှေ့နှင့် အနောက်အကြား နိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဟောင် ကောင်၊ ဂျပန် နှင့် အချို့သော တရုတ်ပြည်နယ်များမှာ အချိုရော အစပ်ပါ ဆန့်ကျင်ဘက် နှစ်မျိုးတွဲ သောအစာများကို စားသောက် ၍ ကြိုက်နှစ်သက်ကြသည်ကို ထူးဆန်းစွာ တွေ့ရှိရပါသည်။
ဥရောပအစာလည်း မဟုတ်၊ အိန္ဒိယအစာလည်း မဟုတ်သော ဟင်းချက်နည်းများကို အရှေ့ တောင်အာရှနိုင်ငံ များတွင် တွေ့ရတတ်သည်။
ရိုးရာဆေးပညာတွင် အချို သည် ရသာခြောက်ပါးတွင်ထိပ်ဆုံး မှ ဦးဆောင်သော အရသာဖြစ်သည်။ အချိုတွင် ပထဝီဓာတ်နှင့် အာပေါဓာတ်တို့ လွန်ကဲစွာပါဝင်သဖြင့် အသားတိုးပြီး ဝဖြိုးစေသော၊ ဖောင်းကားစေသော သဘော ရှိသည်။
ပထဝီလွန်လျှင် အသားတိုးများပြီး အာပေါဓာတ်လွန်လျှင် အရေဓာတ် အတိုးများသဖြင့် နှစ်မျိုးလုံးတိုးသော အခါ အသားအရေဆူဖြိုးခြင်း၊ ဝိတ် တက်ခြင်း၊ မိမိခန္ဓာမိမိ မသယ်နိုင်ခြင်း များ ဖြစ်နိုင်ပေသည်။
အပူစာ၊ အအေးစာ သဘော ဖြင့် ကြည့်လျှင်လည်း ရသာ ခြောက်ပါးတို့တွင် သုံးပါးဖြစ်သော အချို၊ အငန်၊ အဖန်တို့သည် အအေးစာဖြစ်ပြီး လူကို ဝဖြိုးစေနိုင်သည်။
အခြားသုံးပါးဖြစ်သော အစပ်၊ အချဉ်၊ အခါး သုံးမျိုးတို့သည် အပူစာဖြစ်ပြီး လူကိုကျုံ့စေ၊ ကျစ်စေနိုင်သော သတ္တိ ရှိပေသည်။
အအေးစာများတွင် ရေခဲသေတ္တာကဲ့သို့ အေးသောနေ ရာတွင် သိမ်းဆည်းထားပြီးမှစားလျှင် ပို၍အအေးဓာတ် လွန်ကဲ စေနိုင်သည်။
ထို့အတူ အပူစာများကို နေလှန်းပြီး အခြောက်ခံစားလျှင် ကြော်လှော်စားလျှင် ပို၍အပူဓာတ်လွန်ကဲကာ ပိန်စေနိုင်ပေ သည်။
ဤသည် မှာ ဓာတ်သဘောအရသာဖြစ်သော် လည်း အပူစာ၊ အအေးစာ နေ့စဉ် ရောနှော စားသောက်နေသူများ အတွက်မူ အတိအကျမပြောနိုင်ပေ။
  ရောဂါဆိုရာတွင် ကူးစက်ရောဂါ များကိုဘေးဖယ်ထားပြီး နာတာရှည်ရောဂါဖြစ်သည်။
သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါကြီးသုံးမျိုးတို့ ဖြစ်ပွားခံစား နေရသူလူနာများကို ဆေးပညာရှင်များက သုတေသနပြုကြည့် သောအခါ အချို အရသာများစွာ စားသုံးသူနှင့် အအေးကြိုက်သူများတွင် ပို၍ဖြစ် ကြောင်းတွေ့ရသည်။
တစ်နည်းအား ဖြင့် အချို၊ အချိုရည်နှင့် အအေးစာများကို ကာလကြာရှည်စားသုံးရာမှ ဝဖြိုးမှု လွန်ကဲလာသူ၊ ခန္ဓာကိုယ် ဘော်ဒီဝိတ် မထိန်းခဲ့သူများမှာ အထက်ပါ နာတာရှည်ရောဂါကြီးများ ဖြစ်လေ့ ရှိကြောင်း သုတေသနပြုတွေ့ ရှိရလေသည်။
အထူးသဖြင့် သွားရောဂါနှင့် နှလုံးရောဂါ၊ အသည်းအဆီဖုံး ရောဂါများမှာ အချိုရည်ကြိုက်သူများကို ထမင်းစား ချိန်တွင် အချိုရည် သောက်သုံးလေ့ရှိသူများတွင် ပို၍ပင်အဖြစ်များကြောင်း တွေ့ရှိရ သည်။
ရေခဲသေတ္တာထဲမှ အအေးဘူး ကို မက်မက်မောမော ထမင်းစားရင်း သောက်သုံးလေ့ရှိသူများနှင့် မောပန်း သည့်အခါတိုင်း အလုပ်လုပ်ရင်း အချိုရည်သံဘူးများ သောက်သုံးသူများတွင် ဆီးချို၊ သွေးချိုရောဂါပို၍ပင် ဖြစ်လေ့ရှိကြောင်း တွေ့ရသည်။
အအေးကြိုက်ခြင်းမှာ နာတာ ရှည်ရောဂါများ စွဲစွဲမြဲမြဲဖြစ်ရခြင်း ၏ အကြောင်းအရင်းတစ်ရပ်ဖြစ် နေသည်ကို ရောဂါဗေဒ လေ့လာသူများက တွေ့ရှိခဲ့ကြသည်။
အအေးဓာတ်ပေးထားသော တိုက်ကြီးတာကြီးများရှိ ရုံးခန်းများတွင် အလုပ် လုပ်ကိုင်နေသူ၊ နေထိုင်သူများ၏ ကျန်းမာရေးနှင့် ပြင်ပတွင်နေရောင် ခြည်နှင့်ထိတွေ့ပြီး နေထိုင်သူများ၊ လေကိုသဘာဝအတိုင်း ရှူရှိုက်ရသူ များ၏ ကျန်းမာရေးမှာ ၁ဝ နှစ်ခန့် လေ့လာကြည့်သောအခါ ကွာခြားမှု များရှိလာကြောင်း တွေ့ရသည်ဟု ဆိုသည်။
နံနက်ခင်း၏ သဘာဝ နေရောင်ခြည်အောက်တွင် လမ်း သွားရသူ၊ အလုပ်လုပ်ရသူများမှာ အထူးပင်ကျန်းမာပြီး အခန်းအောင်း ၍ အလုပ်လုပ်ရသူများထက် ရောဂါကင်းကြကြောင်းကို တွေ့ရှိ ရသည်ဟု ဆိုသည်။
လူတွင်မက တိရစ္ဆာန်များမှာပင် သဘာဝ အတိုင်း စားကျက်တွင် လွှတ် ကျောင်းထားသော တိရစ္ဆာန်နှင့် ခြံဝင်းအလုံတွင် ပိတ်၍ မွေးမြူ ထားကာ သဘာဝမဟုတ်သော အစာ (စပ်စာ)များကျွေးထားသော တိရစ္ဆာန်များရောဂါဒဏ် ခံနိုင်ရည် မတူကြကြောင်း တွေ့ရှိရသည်။
အအေးကြိုက်ခြင်းနှင့် အချို ကြိုက်ခြင်းသည် ငယ်စဉ်က ပြုမူခဲ့သည့် အလေ့အကျင့်အပေါ်တွင် မူတည်သည်။
ငယ်စဉ်က မုန့်အချိုများနှင့် ဖျော်ရည်အချိုရည် ဘူးများတိုက်ကျွေးခဲ့သည့် ကလေးများသည် သွားပိုးစားရောဂါဖြစ်ခဲ့ လျှင် ကြီးလာလျှင်နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသည်ဟု သုတေသီများကဆိုကြသည်။
အချိုရည်သည် နှလုံးရောဂါနှင့် အဝလွန်ရောဂါ ဖြစ်မည့် အခြေခံဖြစ်ပြီး အချို ကြိုက်သော ကလေးများသည် အဲယားကွန်း ကဲ့သို့ အအေးကိုလည်း အလွန်ကြိုက်ကြောင်း တွေ့ရှိရ သည်။
ကလေးများကို ငယ်စဉ် ကတည်းက မှားသောအကျင့်မျိုးကို မျိုးစေ့ချမပေးသင့်ပေ။ သဘာဝအသီးအနှံကို စားချင်အောင်၊ နှစ်သက်အောင် လေ့ကျင့်ပေးခြင်း ဖြင့် ကြီးလာသောအခါ အဝလွန် ခြင်းနှင့် နှလုံးသွေးကြော အဆီ တက်ခြင်းရောဂါများကို ကာကွယ်ရာရောက်ပေသည်။
လေဖြတ်ဖူးသည့် မျိုးရိုးရှိသူများပို၍သတိထားသင့်သည်။ မိမိမျိုးဆက်ကိုအချိုနှင့် အအေးမကြိုက်အောင် လေ့ကျင့်ပေးခြင်းဖြင့် လေဖြတ်ခြင်းမှ ကာကွယ်နိုင်ပေသည်။

Leave a Reply

Your email address will not be published.